Sunday, May 13, 2018

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

" ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်ခဲ့၊ ကြိုးစားခဲ့သူတွေ ရှိပါတယ်"


ဂျာနယ်လစ်ဇင်ကို အထူးပြုပြီး ကျောင်းတက်ရောက်ခဲ့သူဖြစ်ပြီး ဂျာနယ်လစ်တစ်ယောက် ဘဝကိုလျှောက်လှမ်းခဲ့သူ တစ်ယောက်အတွက်  အရာရာခပ်သိမ်းက အဆင်ပြေနေသည်ဟု ပြော၍ ရနိုင်မည်လား။

အသက် ၂၅ နှစ်ဝန်းကျင်ရှိ မတင်ရတနာထွန်းကို လွယ်ကူသောဘဝ လျှောက်လှမ်းလာရသူဟု ထင်မြင်မိကြပါလိမ့်မည်။ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှာ ဂျာနယ်လစ်ဇင်ကို ၄ နှစ်တာ တက်ရောက်ခဲ့ပြီး မဟာဘွဲ့ပါရယူခဲ့သည့် သူက ဂျာနယ်လစ်တစ်ယောက်အဖြစ်  အသက်မွေးဝမ်းကျောင်းပြုသည်မှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။ 

စာတွေ့၊ လက်တွေ့သင်ကြားပြီး လုပ်ငန်းခွင်အတွင်း ရောက်ရှိသည့်အခါ သတင်းအတွေ့အကြုံ အထိုက်အလျောက် ရှိပေမယ့် သူ့၏ ပထမဆုံး လုပ်ငန်းခွင် သတင်းအတွေ့အကြုံက ဆန်းသည်။ 


ပထမဆုံးသတင်း

ဒေါ်လာဈေးအတက်အကျသတင်းအတွက် အယ်ဒီတာက အဆိုင်းပေးသောအခါ ငွေလှဲလှယ်သည့် Money Changer တွေကို သွားရောက်စုံစမ်းခဲ့သည်။ ဝယ်ယူသူအနေဖြင့်ရော သတင်းထောက် အနေဖြင့်ရော မေးမြန်းသည့်အခါ သတင်းထောက်ဆိုလျှင် လုံးဝမဖြေသည့် အတွေ့အကြုံ ရလိုက်သည်။ 

ကျန်သတင်းအချက်ကို ဝယ်သူအနေဖြင့် မေးမြန်းခဲ့သည့်အချက်အလက်များဖြင့် ပြီးဆုံးကောင်းမွန် စွာ ရေးသားလိုက်သည်။ ပထမဆုံး သူတွေးမိသည်မှာ ဒါသည် ကျင့်ဝတ်နှင့် ညီရဲ့လား ဆိုသည်ပဲ ဖြစ်သည်။ 

လုပ်ငန်းခွင်ဖြတ်သန်းမှု






















မြန်မာတိုင်းမ်စာစောင်အင်္ဂလိပ်ပိုင်း၏ စီးပွားရေးသတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သူ့မှာ ကံကောင်းသည်ရော၊ စိန်ခေါ်မှုရော တစ်ပြိုင်နက် ကြုံခဲ့သည်။ စိန်ခေါ်မှုက လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးမှုသိပ်မရှိခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းကိစ္စများအား သူများထက် ပိုတိုး၍ လုပ်ကိုင်ရသည်။ ပိုတိုး၍ ကြိုးစားရသည်။ အားသာလာသည်က ကိုယ့်ပရော်ဖက်ရှင်နယ်ကို ပိုကျွမ်းကျင်လာသည်။ 

ကံကောင်းသည်က သူ့၏ သတင်းရင်းမြစ်များနှင့် မေးမြန်းသည့်အခါတိုင်း လွယ်ကူအဆင်ပြေခြင်း၊ မျက်နှာသာပေးခံရခြင်း၊ ဂျာနယ်လစ်ဇင်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့သည့်အတွက် ယုံကြည်စိတ်ချခြင်းများ ရှိသည်ဟု မတင်ရတနာထွန်းက ပြောသည်။ 

အခက်အခဲ 

သူ လုပ်ငန်းခွင်ဝင်နေသည့်ကာလအတောအတွင်း လစာအတွက် စိတ်သောကရောက်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ လစာနည်းခြင်းသည် ရုံး၏ အခက်အခဲကာလများ ဖြစ်ပြီး အတော်ကြာကြာ ရင်ဆိုင်ခဲ့ရသည်ဟု မတင်ရတနာထွန်းက ပြန်ပြောင်းပြောသည်။ 

ယင်းကာလအတောအတွင်း ကျောင်းတူတက်ခဲ့သည့်သူငယ်ချင်းအတော်များများသည် ဂျာနယ်လစ်ဇင် အလုပ် မလုပ်ကိုင်ဘဲ ဆက်စပ်နေသည့်  Public Relation အလုပ် လုပ်ကိုင်နေကြပြီး လုပ်ငန်းခွင် ကူးပြောင်းလာရန် ဖိတ်ခေါ်မှုများအား ကြံ့ကြံ့ခံခဲ့သည်။ ငွေကြေးလစာအားဖြင့် ဂျာနယ်လစ် တစ်ယောက်ထက် ပိုမိုများပြားဟန်ရှိသော အဆိုပါအလုပ်ကို ငြင်းပယ်ရင်း ကိုယ်မကြိုက်တဲ့ပစ္စည်းတစ်ခုကို ကြိုက်ပါတယ် ပြောရသည့်အလုပ် မလုပ်နိုင်ဟု ဆိုသည်။ 

ရည်မှန်းချက်၊ မိသားစု

မိသားစု ၄ ယောက်တွင် မောင်နှစ်မ နှစ်ယောက်အနက် အကြီးဆုံးဖြစ်ပြီး မောင်ဖြစ်သူက သူ့ထက် ၈ နှစ်ငယ်သည်။ ပရိဘောဂလုပ်ငန်း လုပ်ကိုင်သော မိဘများကတော့ ဘာပဲလုပ်ကိုင် လုပ်ကိုင် အားပေးသည်ဟု သူက ပြောသည်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်မလာခဲ့လျှင်တော့ စီးပွားရေးသမားတစ်ယောက် ဖြစ်လာမည်ဟု မတင်ရတနာထွန်းက ပြောသည်။ 

Impact 
တကယ့်လုပ်ငန်းခွင်မဝင်သေးခင်စပ်ကြား အလုပ်သင်အဖြစ် ဆင်းခဲ့ဖူးသော ဂျာနယ်တစ်စောင်တွင် သူရေးခဲ့ဖူးသောသတင်းကြောင့် Impact ဖြစ်ခဲ့သည်ဟု ထင်မြင်ယူဆမိကြောင်း ပြောသည်။ ဟာ့ဂ်ဘုရားဖူးခရီးတင်ဒါတွင် ဈေးကြီးမြင့်သော ခရီးသွားလုပ်ငန်းတစ်ခုမှ အမြဲတင်ဒါရနေသည့်အပေါ် စုံစမ်းရေးသားခဲ့သည်။ အဆိုပါသတင်းကြောင့် ကုမ္ပဏီမှ တစ်ဦးလျှင် ဒေါ်လာ ၂၀၀ လျှော့ပစ်လိုက်ကြောင်း သူက ပြောသည်။ အဆိုပါဖြစ်ရပ်သည် ဂျာနယ်လစ်တစ်ယောက်ဖြစ်လာရန် တွန်းအားပေးခဲ့သည်ဟု ဆိုသည်။

ရည်မှန်းချက်

မြန်မာတိုင်းမ်တွင် ၄ နှစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် Youth Media Online မဂ္ဂဇင်းကို ကိုယ်ပိုင်လုပ်ကိုင်နေပြီး အနာဂတ်မှာ စတိုရီများအပြင် workshop များ၊ Networking ကိစ္စရပ်များပါ လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု မတင်ရတနာထွန်းက ပြောသွားသည်။ 

https://www.instagram.com/p/Bi-31ZpDAhx/?taken-by=fieldreports

Tuesday, March 22, 2016

ws 11



ယုံကြည်ထားတဲ့
အမှန်တရားတွေ ပြိုကွဲသွားတော့
လက်ထဲမှာ လေဟာနယ်ပဲ ကျန်ခဲ့တယ်...

ကိုယ်ဟာ သိပ်အထီးကျန်တယ်

ကိုယ်ဟာ
သိပ်အထီးကျန်တယ်...

 မေတ္တာကို
ကိုယ်ကလည်းမပေး
သူများပေးလည်း မယူနဲ့


နင့်တစ်ယောက်အပေါ်မှာပဲ ပုံထားမိတယ်
ဒါဟာ နင့်အတွက် ဝန်ပိစေတယ်ဆိုတာ...

ကိုယ် တစ်ယောက်တည်း ဆွေးတယ်



ဟိုးတွေး ဒီတွေးညတွေမှာ
ကိုယ် တစ်ယောက်တည်း ဆွေးတယ်
စီးကရက်တွေ ပြန်လိုအပ်လာပြီလား
(အိပ်မပျော်တဲ့ ညတွေကို ဖြတ်ဖို့)

ဦးညီထွဋ်ရဲ့ အပြာရောင်စီးကရက်အငွေ့များအလယ်ကို ညည်းရင်း
တစ်ချိန်က ဂျစ်ကန်ကန်ဟာ
ကိုယ်မှ ဟုတ်ရဲ့လားလို့
မင်းဘေးမှာနေရင်း
ပြောင်းလဲသွားခဲ့တာ...

ကိုယ်မရှိတဲ့နေရာမှာ
ကိုယ်မကြိုက်တာတွေ လုပ်နေမလားဆိုတာ
အခါခါ စိတ္တဇနဲ့
နမူနာဆိုတာ ရှိနေခဲ့တာကိုး
(မင်း ကိုယ်တိုင်က ချိုးဖောက်ခဲ့တာ)

သိပ်ချစ်ခဲ့လွန်းတော့လည်း
ပြတ်သားရဲရမှာပေါ့
အပျော်ဆိုတာ ခဏတာအချိန်လေးတွေပဲ
ကိုယ်ထားသွားခဲ့ရင်တော့
နေရဲအောင်နေလိုက်ပါ ဘေဘီ

စံပယ်အို

အလုပ်တွေ အလုပ်တွေနဲ့
သိပ်မပြောစမ်းပါနဲ့
(ဘာသာပြန်ဝတ္ထုထဲ
သမာရိုးကျဇာတ်လမ်းလိုလို)

 ဟောဒီကလူ ရင်ထဲ
လှမ်းကြည့်လိုက်စမ်းပါဦး
ဂရုစိုက်သူ မရှိလည်းဘဲ
စံပယ်တွေဝေနေတာ ကြာပေါ့

ခူးဆွတ်သူမရှိလည်းဘဲ
ရပ်စောင့်နေခဲ့တယ်
ပင်လုံးကျွတ် ပွင့်နေအောင်လည်း
ဝေခဲ့ပါတယ်ကွယ်

တစ်နေ့တော့ ဒီအပြန် ဒီလမ်းမှာ
မင်းကို စောင့်နေတယ်ဆိုတာ
သိကောင်းပါရဲ့
တဖြည်းဖြည်းနဲ့ ၂၉ ရောက်လာတဲ့
စံပယ်အိုက ကိုယ်ပဲပေါ့ကွယ်....

လွမ်းတယ်....ဘေဘီ


အတူရှိဖူးတဲ့အချိန်တွေကို လွမ်းလို့
လက်ကိုင်ဖုန်းထဲက
ပုံဟောင်းလေးတွေ ပြန်ကြည့်နေမိတယ်

အချစ်လို့......
တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်ခေါ်ငင်ရင်းနဲ့
လူရင်းတွေဖြစ်ခဲ့တာ
နှစ်တွေကြာပေါ့

စတွေ့ချိန်ကတည်းကလည်း ချစ်တယ်
ခုထက်ထိလည်း ချစ်တယ်
ငါ့ကမ္ဘာကို နင်....ဆိုတဲ့
သက်ရှိတစ်ခုနဲ့ပဲ လည်ပတ်ရပ်တည်နေတယ်

လွမ်းတယ် အချစ်ကလေးရဲ့
ကိုယ်တို့နှစ်ယောက် ရန်ဖြစ်ချိန်ဆိုတာ
တစ်ယောက်ဘေးနား မရှိချိန်
တစ်ယောက် ကို အချိန်မပေးနိုင်တဲ့အခါတွေပဲ ရှိတယ်

ချုပ်ထိန်းမထားဘူး
ချုပ်ကိုင်မထားဘူး
နေ့ရက်တွေကို
ကြည်ကြည်နူးနူးနဲ့
အတူ ဖြတ်ကူးချင်တာလောက်ပါပဲ
လွမ်းနေတယ် ဘေဘီ ...

(အရာအားလုံးထက်) ငါ တန်ဖိုးထားပါတယ်


ချစ်ခြင်းတရားကို အခြေခံထားတဲ့
မိသားစုလေး
ကိုယ့်အသက် ၁၃ နှစ်လောက်မှာ
ကွဲအက်သွားကတည်းက

ကိုယ်ပေးလိုက်တိုင်း
ကိုယ်ပြန်ရယူလိုက်တိုင်း
အဆုံးသတ်ဟာ
မျက်ရည်တွေနဲ့ ဖြစ်ကတည်းက

ချစ်ခြင်းရဲ့အဝေးဆုံးမှာပဲ
ကိုယ်နေခဲ့တာ....
 နင်နဲ့လည်း စတွေ့ရော
နှလုံးသားဟာ ဖျတ်ခနဲ ကွဲကြေသွားရတယ်

ဒီအပြုံးနဲ့ ဒီအသံမှာ
စွဲလန်းပြီးကတည်းက
နေ့နေ့ညည ငါ့ဒုက္ခကို
ငါပဲ သိခဲ့လေရဲ့

အဲဒီအချိန်တုန်းက
ဘာမှ မပိုင်ဆိုင်လိုခဲ့ပါဘူး
ဒီအပြုံးလေးတွေ ကြာရှည်ဖို့ပဲ
ဆန္ဒရှိခဲ့တာပါ

လက်မကမ်းတဲ့ ငါ့အနားကိုလာဖို့
နင်ဘယ်လောက် ကျော်ဖြတ်ခဲ့ရမလဲဆိုတာ
ငါတွေးလို့ ရပါတယ်

ဒီနေ့ဒီချိန်မှာတော့
တွဲထားခဲ့တဲ့ နင့်လက်တစ်ဖက်ကို
(အရာအားလုံးထက်)
ငါ တန်ဖိုးထားပါတယ်

အငြိုး


လူတွေနဲ့ ဝေးရာမှာပဲ နေတယ်
သူတို့အတ္တတွေနဲ့ ပူလောင်လို့

ဘဝဆိုတာ ဒီနေ့ပြီးသွားတာမှ မဟုတ်ဘဲ
သံသရာတစ်ပတ်လည်ရင်
တကူးတကမဟုတ်တောင်မှ
သရော်ပြုံး ပြုံးနိုင်ဖို့
နားစွင့်ထားမယ်
 

အငြိုးဆိုတာ
 နှစ်ဘယ်လောက်ကြာကြာ
လတ်ဆတ်နေတတ်တာမျိုး မဟုတ်လား


ဘဝရဲ့ အရသာ



တစ်နေ့ပြီး တစ်နေ့ လျှောက်လှမ်းရ
ဘဝရဲ့ အရသာဆိုတာ
လူအဖြစ် လာဒုက္ခခံခြင်းမျိုးလားလို့

ရှိဒုက္ခ မရှိဒုက္ခတွေနဲ့
ဒေါသဖြစ်လိုက်
ပျော်ရွှင်ကြည်နူးလိုက်ရနဲ့
လူ အကြိမ်ကြိမ်ပီသခဲ့ရ

ဘဝဆိုတာ
တိုက်စားပါများလာတဲ့
ကျောက်တုံးတစ်တုံးလိုပဲ
ချစ်ခြင်းမုန်းခြင်းတွေကြား
လုံးပါး ပါးလာတယ်

အခုအရွယ်မှာ
လိုချင်တာတွေလည်း ရခဲ့ဖူးပြီ
မလိုချင်တာတွေလည်း
ခပ်ရဲရဲ လှီးထုတ်လိုက်နဲ့

ကိုယ့်တောင်ပံတွေ ကိုယ်ညှပ်ပြီး
တစ်စုံတစ်ယောက်နားမှာလည်း
နေခဲ့ပြီးပြီ
တစ်နေ့တော့တော့
လွင့်မျောလို့ ရမယ် ထင်ပါရဲ့

နေထိုင်ခြင်း



ကိုယ့်ရဲ့ ပန်းတိုင်ဟာ
ဘာမှ စိတ်မဝင်စားတော့ခြင်းလားလို့
 လူတွေကို အတွေးထဲကနေ
မောင်းထုတ်ပစ်လိုက်တယ်

ကျန်ရှိနေတဲ့ ဘဝသက်တမ်းတိုထဲမှာ
ကိုယ့်အတွေး အကြံ
အချိန်တွေ
သူတို့အတွက် မဖြစ်စေရလို့

ရွံလွန်းလို့
စိတ်ထဲနေ ဓါးနဲ့လှီးထုတ်ပစ်လိုက်သလိုမျိုး
အမာရွတ်တော့
နည်းနည်းပါးပါး ကျန်တာပေါ့

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...